ကျွန်တော်တို့အလုပ်မှ သူဌေးသည် သဘောကောင်းသလောက် အင်မတန် ဆူညံပူညံလုပ်တတ်ပါသည်။ ကျွန်တော်တို့ service room သို့ တစ်ခါတစ်လေတွင်မှ လာလေ့ရှိသည်။ သူလာလျှင်
အနေကြပ်မည်စိုးသောကြောင့် အကြောင်းကိစ္စရှိမှပင် ရောက်လာတတ်သည်။
လွတ်လွတ်လပ်လပ် နေရပါသည်။
ကျွန်တော်တို့ကလည်း သူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပုံမှန်စည်းကမ်း
တကျ အလုပ်လုပ်ကြပါသည်။ ကော်ဖီသောက်လျှင် သောက်မည်၊ မုန့်စား
လျှင် စားမည်။ အလုပ်တာဝန်ကိုတော့ ပြီးစီးအောင် လုပ်ကြပါသည်။
သူ့ကို ကျွန်တော်တို့က "ပြာလု" (လူရွှင်တော်တစ်ယောက် ပြက်လုံးမှ)
(သို့) "ဘိုးတော်" ဟု နာမည်ပေးထားပါသည်။ တစ်နေ့ amplifier
(အသံချဲ့စက်) တစ်လုံးကို ပြင်ဆင်နေစဉ် mic အသံစမ်းကြည့်သည်။
Hello... one... two.....
"ဝိုး.... ဂွတ်ထ... ဂွတ်ထ" (ဆရာကြီးအီကြာကွေး လေသံဖြင့်)
အတော်ကောင်းသဟ၊ သီချင်းလေးကလည်းကောင်း။ အဆိုတော်
ဇော်ပိုင်ဆိုထားတဲ့ "လမ်းဆုံ"။ ဒီတော့ အချိန်ကိုကြည့်လိုက်သည်။
6:30 pm ဆိုတော့ ဟိုသူဌေးတစ်ယောက်တော့ ပြန်သွားပြီ။ ပြာလု
တစ်ယောက်ကတော့ ဒီနေ့ တွေ့တောင်မတွေ့မိဘူးဆိုတော့
သီချင်းလေးတစ်ပုဒ်လောက်တော့ ဟစ်လိုက်ဦးမှ.....
ခြေရင်းအိမ်က ကောင်မလေးတွေကို အသံနဲ့ နဲနဲလောက်
နှိပ်စက်လိုက်ဦးမှ... သူတို့ကလည်း ဒီဖက်အိမ်က သီချင်းဆိုတာနဲ့
ပြူတင်းပေါက်တွေ လိုက်ပိတ်တော့တာပဲ။ အင်း.... အထဲကနေ ကြိတ်ပြီး
လက်ခုပ်တီးနေတယ်ထင်ပါ့။ ဒါနဲ့ Echo controls တွေကို အသံကို
စိတ်ကြိုက် သိပ်ထပ်မနေအောင်ချိန်၊ Music volume ကိုလည်း အနေအထား
မှန်အောင်ချိန်.. ဘာလုပ်မလဲ.. ဟဲဟဲ.. ဆိုရုံပဲပေါ့...
လမ်းဆုံမှာ.. ရပ်နေတဲ့... လူနှစ်ယောက်တော့ ဆွေးနေတယ်...
ဘယ်သူလဲကွယ်... မင်းရယ်.. တို့ရယ်.... အယ်.. အယ်..
သီချင်းလေးတစ်ပိုဒ်လောက်ပဲ ဟစ်လိုက်ရသေးတယ်.. ကိုယ့်ဘာသာ လျှို့ဝှက်
တပ်ဆင်ထားတဲ့ ကင်မရာမြင်ကွင်းထဲ ရွှေရောင်ဖျော့ဖျော့... အရောင်ကား
တစ်စီးရဲ့ ခေါင်းကြီးထိုးဝင်လာတယ်...
"ဗုဒ္ဓေါ..... ဘိုးတော့်ကားကြီးဟ.... တော်ကြာ.. ပြာလု ဘာကောင်လဲ
သိသွားစေရမကွ... ဆိုရင် မလွယ်ဘူးဟ။ အလုပ်ချိန်ကြီး ကိုယ်က စဖောက်တာ..."
ဒါနဲ့ ကင်မရာက သူ့ကို အသာကြည့်နေတာပေါ့။ သူနေတဲ့ Office နဲ့ ကျွန်တော်တို့
နေရာက နဲနဲလှမ်းတော့ သူကြားလည်း ဝါးတားတားလောက်ပဲ.... မသေချာဘူး။
ဒါနဲ့ သူက ကားမှန်လေး နဲနဲဟပြီး နားထောင်...... ကျွန်တော်ကလည်း
Music volume ကို အတိုးအကြယ်.. ခပ်ပျင်းပျင်းလေးလုပ်လိုက်ပြီး...
Hello..... one.. two..
နှစ်ခါလောက် အော်လိုက်တော့မှ
မလိမ့်ချင် လိမ့်ချင်နဲ့ ကားက.. ထွက်သွားတယ်.. ဘာရမလဲနော်.....
အဖွားရဲ့ အိမ်ခန်းထဲမှာ ပုံထားတဲ့ ဆန်ပုံပေါ် "ကျား..." ဆိုအော်ရင် ဂျွမ်းပစ်ချပြီး
ဆန်တွေ ပြန့်ကျဲကုန်လို့ အဖွားလိုက်ရိုက်တဲ့ ကြိမ်လုံးချက်တွေက လွတ်
အောင် ပြေးနိုင်သူ........
အဖိုးရဲ့ မာလကာပင်ထိပ်ခေါင်ဖျားထိ တက်ပြီး လေထီးခုန်သလို အဖျားကို
ဆွဲပြီး ဆင်းလာလို့ ကြည့်နေတဲ့အဖိုးက စိတ်တိုပြီး လိုက်ရိုက်တဲ့ တောင်ဝှေးချက်
တွေက လွတ်အောင် ပြေးနိုင်သူ....
စိတ်တိုတတ်တဲ့ ဘကြီးခင်မောင်အိမ်က ခွေးကြီးကို တုတ်နဲ့သွားထိုးလို့ လိုက်
ကိုက်တဲ့ ခွေးကြီးရန်က လွတ်အောင် ပြေးနိုင်သူ....
ငယ်ငယ်က ကစားလျှင် ကျား၊ ဗိုလ် ဆွဲလျှင် နဲနဲလေး နောက်ကျပြီးမှ ဆွဲတတ်သူ.....
ဒီလို အစွမ်းသတ္တိတွေနဲ့ ပြည့်စုံတဲ့ ကျွန်တော့်ကို... ပြာလုဆိုတဲ့ ဘိုးတော်
ဘယ်သိမလဲနော်..
ဒါပေမယ့် အဖေရဲ့ (Bruce Lee) ကစ်တွေနဲ့ ကြိမ်လုံးရိုက်ချက်ကိုတော့ တစ်ခါမှ
မလွတ်ပါခင်ဗျား။
(ဘယ်လွတ်မလဲ... သူက ကိုယ့်ထက် အတွင်းအားပိုကောင်းတာကိုး)
အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ..........
No comments:
Post a Comment