Thursday, February 12, 2015

ကြွက်တစ်ကောင် နှင့် ထိုထိုသောအကြောင်းများ

တစ်နေ့သ၌ ကေသရာပဏိတ ဆရာတော်တစ်ပါးတည်း အွန်လိုင်းဝိဟာယန ကျောင်းတော်၌ တစ်ပါးတည်း သီတင်းသုံးနေစဉ် ဆံပင်ပွယောင်းယောင်း၊ အဝတ်အစား ဖိုသီဖတ်သီဖြင့် ကြွက်ကြီး ဆိုသော တကာရင်းတစ်ယောက် ရောက်ရှိလာ၏။ ဘုရားကိုလည်း ရှိခိုးရမှန်းမသိ၊ မိမိကိုလည်း ရှိခိုးရမှန်းမသိ၊ ကြောင်စီစီဖြင့် ကြည့်နေစဉ်...

“ဟဲ့… ပြောက်လှချေလား တကာကြွက်ရဲ့”

“တင်ပါ့ဘုရား။ တပည့်တော်လည်း အချစ်ရေးက ကံမကောင်းလို့ တပည့်တော်နဲ့ အရှင်ဘုရားတောင် စကားမပြောဖြစ်တာပါ ဘုရား။”

“အိမ်း… ထားပါတော့။ ခုကော ဘာကိစ္စရှိလို့ ရောက်လာတာတုန်း။”

“တပည့်တော်လည်း အချစ်ရေးက ကံမကောင်းလို့ တပည့်တော်လက္ခဏာမှာ ကျွန်းတွေ၊ ချောင်းတွေ များခံနေသလားလို့ သိချင်လို့ပါ ဘုရား။”

“အိမ်း… ပုထုဇဉ်လူသားတွေကပဲ… ဗာဟီရကိစ္စတွေက များလှပေသကိုး။ ဒါနဲ့ အဲဒါတွေ မသိခင် ဘုန်းဘုန်း တရားတစ်ပုဒ် ဟောပြမယ်။ ဘုန်းဘုန်းဟောတာ မဟုတ်ဘူးကွဲ့၊ ဘုရားဟောတာ။ သေချာနားထောင်၊ ကြားလား။”

“တင်ပါ့ ဘုရား။”

“ဒီလိုကွဲ့…”

ဘဝတစ်ခုတွင် ဘုရားအလောင်းသည် ဒိသာပါမောက္ခဆရာကြီးအဖြစ်နှင့် တပည့်များစွာကို ပညာရပ်အမျိုးမျိုး သင်ကြားပြသနေသည်။

ထိုဒိသာပါမောက္ခ ဆရာကြီးတွင် အသက်အလွန်ကြီးမားပြီး မျက်မမြင် မိခင်ကြီးတစ်ဦးရှိသည်။ အသက်အတန်ပင် ကြီးမားလွန်းသောကြောင့် နောက် (၇) ရက်ခန့်ကာလလျှင် သေလွန်တော့မည် ဖြစ်သည်။

ဒိသာပါမောက္ခ ဆရာကြီးသည် တပည့်တစ်ယောက်အား မိန်းမတို့၏ မာယာနှင့်ပတ်သက်သော အကြောင်းအရာတို့ကို သင်ကြားပြသနေ၏။

မိန်းမတို့၏ မာယာသဘောကို လက်တွေ့သင်ကြားပြသပေးချင်သောကြောင့် မည်သို့သင်ကြားပြသရမည်နည်းဟု စဉ်းစားသော် မယ်တော်ကြီးအား မြင်မိပေ၏။

ထို့နောက် ထိုတပည့်အား မည်သို့မည်ပုံ ပြုလုပ်ရမည်ကို သင်ကြားပြသပေးပြီး မယ်တော်ကြီးအား ခြေဆုပ်လက်နယ် ပြုစေ၏။

ထိုသို့ပြုလုပ်ပေးနေရင်း ထိုတပည့်မှ မယ်တော်ကြီးအား…

“မယ်တော်ကြီးရယ်… မယ်တော်ကြီးရဲ့ အသားအရေတွေဟာ ဒီအသက်အရွယ်မှာတောင် ဒီလောက်တင်းတင်းရင်းရင်း ရှိနေရင် မယ်တော်ကြီး ငယ်စဉ်တုန်းကဆိုလျှင် ဘယ်လောက်များ အတွေ့ကောင်းလိုက်မလဲ…”

ဆိုပြီး စကားဦးအရင်သန်းပြီး အရိပ်အခြည်ကို ကြည့်နေလိုက်တယ်။

နောက်နေ့တွေမှာလည်း ဒီလိုပဲ စိတ်လှုပ်ရှားလာစေတဲ့ စကားတွေကိုပဲ ပြောပေးနေတော့တယ်။

နောက်နေ့တွေမှာလည်း…

“မယ်တော်ကြီးရယ်… မယ်တော်ကြီး အသားတွေကို ထိမိကိုင်မိကတည်းက ကျွန်တော့်စိတ်ထဲမှာ တစ်ဝဲလည်လည်နဲ့ မေ့ဖျောက်လို့ကို မရနိုင်ပါဘူး…”

ဆိုပြီး ထပ်ခါထပ်ခါ ပြောလေတော့ မယ်တော်ကြီးစိတ်ထဲမှာ တဏှာစိတ်တွေ ဝင်ရောက်လာပါတော့တယ်။

နောက် ခုနစ်ရက်နီးပါး ကြာလာတော့ ထိုတပည့်မှ…

“မယ်တော်ကြီးရယ်… ကျွန်တော့်မှာ အတော်ပင်ခက်နေပါပြီ။ မယ်တော်ကြီး ငေါက်ချင်လည်း ငေါက်၊ ဆဲချင်လည်းဆဲ၊ ရိုက်ချင်လည်းရိုက်ပါတော့။ ကျွန်တော်ခံယူပါ့မယ်။

ကျွန်တော့်စိတ်ထဲမှာ ရှိသမျှတွေကို ထုတ်ဖော်ပြောပါရစေတော့။ ကျွန်တော့်ဒုက္ခဟာ မယ်တော်ကြီးနဲ့ ပေါင်းရပါမှ အေးပါ့မယ်။ ကျွန်တော့်ဒုက္ခကို မယ်တော်ကြီး ကယ်တင်မှ အေးမှာပါ…”

ဟု ပြောလေတော့၏။

ကာမဂုဏ်စိတ်တွေ ဝင်လာတဲ့ မယ်တော်ကြီးမှာ အမှားအမှန်ကို မမြင်တော့၊ ရှက်ရမှန်းလည်း မသိတော့၊ ကြောက်ရမှန်းလည်း မသိတော့ဘဲ ထိုတပည့်အား အမှန်တကယ်ပြောတာလားဟု မေးမြန်းတော့၏။

“အမှန်တကယ်ပြောတာပါ” ဟု ထိုတပည့်မှ ပြောသောအခါ မယ်တော်ကြီးမှ ၎င်းအား ခိုးယူပါတော့ဟု ပြောလေတော့၏။

ထိုတပည့်မှ…

“မခိုးရဲပါ။ ဒိသာပါမောက္ခဆရာကြီးကို အင်မတန်မှ ကြောက်ရပါသည်…”

ဟု ပြောလေ၏။

ထိုအခါ ကာမတဏှာစိတ်တွေ ဝင်နေသော မယ်တော်ကြီးက ထက်လှစွာသော ရဲဒင်းတစ်လက်ကို ရှာစေ၏။

ထို့နောက် မယ်တော်ကြီးနေသည့်နေရာနှင့် ဒိသာပါမောက္ခ ဆရာကြီးအိပ်သည့်နေရာအား ကြိုးဖြင့် သွယ်တန်းစေ၏။

ထိုတပည့်လည်း ခိုင်းသည့်အတိုင်း လုပ်ပေးလေ၏။

ညအချိန်သို့ ရောက်သောအခါ မယ်တော်ကြီးသည် ကြိုးတန်းကိုကိုင်၍ သားအိပ်ရာသို့လာပြီး သား၏ခေါင်းရှိမည်ထင်သည့်နေရာကို မှန်းပြီး ရဲဒင်းဖြင့် ခုတ်လေတော့၏။

အကွယ်လေးမှ တိတ်တဆိတ် ဆရာတပည့်နှစ်ယောက် စောင့်ကြည့်နေရာမှာ ဒိသာပါမောက္ခဆရာကြီးမှာ အံ့ဩလွန်းသဖြင့်…

“မယ်တော်…”

ဟု အသံထွက်သွားရာ သက်တမ်းကုန်နေပြီဖြစ်သော မယ်တော်ကြီးမှာ ထိုနေရာ၌ပင် သေဆုံးသွားလေတော့၏။

ကာမတဏှာစိတ်ကား အလွန်ပင် ကြောက်စရာကောင်းလှပေ၏။ အလွန်ပင် ပြင်းထန်လှပေ၏တကား။

……………………

တကာကြွက်ကို တရားဟောပြီး သူ့မျက်နှာကို သေချာကြည့်လိုက်တော့ စိတ်ထဲမှ…

“အင်း… တကာကြွက်တော့ တရားရပြီး အွန်လိုင်းမှာတောင် ပေါ်လာပါတော့မလားမသိ။ တော်ကြာ မလေးရှားမှာရှိတဲ့ တောထဲထွက်သွားပြီး တရားတွေ ဘာတွေ ကျင့်တော့မလား မသိဘူး…”

ဟု တွေးနေစဉ် သူပြောလိုက်သော စကားကြောင့် ကေသရာပဏိတ ဆရာတော်မှာ ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့တော့၏။

သူပြောသော စကားမှာ…

“ဘုန်းဘုန်းဟောမှ တပည့်တော်လည်း သေချာစဉ်းစားမိတော့တယ်။ မိန်းမတွေဆိုတာ သေခါနီးအထိ ဒီစိတ်က ရှိတယ်ဆိုတော့ တပည့်တော် စိတ်ဓာတ်မကျတော့ဘူး ဘုရား။ ဆက်ပြီး ကြိုးစားဖို့ အခွင့်အရေးတွေ အများကြီးရှိသေးတာ တွေ့ရတော့တယ်။ ကျေးဇူးတင်ပါတယ် ဘုရား… သွားပြီး ဘုရားချက်လိုက်ဦးမယ် ဘုရား… Bye.”

…………………………………

အိမ်း… မှားတဲ့အခါလည်း မှားပေမပေါ့…

                                     အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ။

ဦးနု ရေးသားသော စာအုပ်တစ်အုပ်မှ  crd:

No comments:

Post a Comment