"ရေအလောင်းခံချင်ကြသော အမျိုးသမီးများခင်ဗျား၊ ရေအလောင်းခံချင်ကြသော အမျိုးသမီးများခင်ဗျား၊ တန်းစီပြီး စောင့်နေကြပါရန်။ အတင်းတိုးဝှေ့ပြီး နေရာလုမနေကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ်ခင်ဗျား။"
ထိုအသံများမှာ ကျွန်တော်တို့ Service Room မှ လူများ အလုပ်မအားသောကြားထဲမှ Mic ဖြင့် တစ်ဖက်အိမ်မှ ကောင်မလေးများကို လှမ်း၍ စနောက်နေခြင်း ဖြစ်ပါသည်။ တစ်ဖက်အိမ်မှ "သေနာကောင်တွေ" ဟု ကျိန်ဆဲနေမည်သာ။
"ကျွန်တော် ဟိုကောင်မလေးကို ရေလောင်းချင်တယ်ဗျာ။ ဘယ်လိုလုပ်ရမလဲ မသိဘူး။"
ဟု DVD ပြင်သော ဆရာသိန်းခေါ် (L-မှုန်ကြီး) မှ ပြောသည်။
ကျွန်တော်က...
"နင့်လက်နဲ့ ရေခွက်ကိုကိုင်၊ ခြေထောက်နဲ့ ကောင်မလေးရှိတဲ့နေရာကိုသွား၊ ပြီးတော့ ဟောဒီလို သွန်ချလိုက်..."
လို့ ရွဲ့ပြီး ပြောလိုက်တော့ မှုန်ကြီးက...
"ဒါတော့ သူပြောမှလားဟ။ ဟိုမှာ အိမ်ထဲက မထွက်လို့ ပြောနေတာ။ ပြီးတော့ သူ့ကို သွားလောင်းရမှာ ခပ်ကြောက်ကြောက်ပဲ။ မျက်နှာကြောက တင်းတင်းနဲ့..."
ဟု L-မှုန်ကြီးမှ ပြောတော့ ကျွန်တော်က...
"ဟင်းးးး... အတောင်နှစ်ဆယ်ဝတ် မင်းယောကျ်ားကြီးလုပ်နေပြီး ဆယ့်သုံးတောင်... အဲလေ... နှစ်တောင်လောက်တောင် မရှိတဲ့ စကပ်ဝတ်ထားတဲ့ မိန်းမသားကို ကြောက်နေရသေးတယ်။ ငါစောင့်ကြည့်ပေးမယ်..."
ဟု မြှောက်ပေးလိုက်သည်။
L-မှုန်ကြီးလည်း အသင့်ခတ်စရာ ရေခွက်ကလည်းမရှိတော့ Service ခန်းထဲမှ Rice Cooker Inner Pot ကြီးနဲ့ ရေကို အသင့်ခတ်ထားတယ်။ မိုးလေးက ဖွဲဖွဲလေးကျနေတော့ စောင့်ရတာ စိတ်မရှည်နိုင်တဲ့ မှုန်ကြီးမှ...
"တောက်... ငါရေလောင်းမယ့်နေ့ကျမှ မိုးကလည်း ရွာနေသေးတယ်..."
ဟု မကျေမနပ်နှင့် ပြောနေသေးသည်။
နေ့လယ်လောက်ရောက်တော့ သူကြောင်နေသော ကောင်မလေးနှင့် အခြားကောင်မလေး သုံးယောက် ကင်မရာရှေ့မှာ ပေါ်လာတော့ ကျွန်တော်မှ...
"ဟေ့... လာနေပြီဟ... လာနေပြီ..."
လို့ သတိပေးလိုက်တော့ လျှစ်ကနဲ L-မှုန်ကြီး ပြေးထွက်သွားသည်။ လက်ထဲမှာလည်း အသင့်ခတ်ထားသော 2.6 Liter Inner Pot ကြီးနဲ့။
ကျွန်တော်လည်း ကင်မရာထဲမှ သူ့ကိုကြည့်နေတယ်။ မြင်ကွင်းထဲက ပျောက်သွားပြီး သိပ်မကြာခင်...
**ဗုန်းးးးး... ဂွမ်း...**
ဟ... ဘယ်လိုဖြစ်တာလဲမသိ။ ရေလောင်းတာ ဒီလောက်တော့ မကြမ်းနိုင်။ ကောင်မလေးအမျိုးတွေကပဲ ဗျင်းလိုက်ပြီလားမသိ။
ကျွန်တော်လည်း အပြင်ကိုထွက်ကြည့်လိုက်တော့ ကောင်မလေးကိုမတွေ့။ မှုန်ကြီးတစ်ယောက်တည်း ကောင်မလေးတွေအိမ်ရှေ့မှာ ဖလက်ပြနေသည်။ သူ့နောက်မှ ကောင်မလေးနှစ်ယောက်ကတော့ ရယ်ချင်နေတာကို အောင့်အည်းနေရတဲ့ပုံပေါက်နေသည်။
သိပ်မကြာခင် ရှုံ့မဲ့ညစ်ပေလျက် မှုန်ကြီးပြန်လာသည်။
ကျွန်တော်က...
"ဘယ်လိုဖြစ်တာလဲဟ။ မှုန်ကြီးတို့ ဖြစ်လိုက်ရင် သူများနဲ့ကို မတူဘူး..."
ဟု ပြောရာ L-မှုန်ကြီးမှ...
"ဟူးးး... ပြောမပြောချင်ပါဘူးဗျာ... ကောင်မလေးကို ရေသွားလောင်းတာ၊ သူ့မလောင်းမိဘဲ ချော်လဲပြီး ကိုယ့်ဘာသာကိုယ် ပြန်လောင်းမိလို့..."
တဲ့...
ပျော်စရာသင်္ကြန်မှာ အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ...
No comments:
Post a Comment