ခုတစ်လော အထူးအဆန်းတွေ ဖြစ်ဖြစ်နေတယ် မယုံနိုင်စရာ။ မြိုင်ရာဇာကြွက်ဖြူတစ်ယောက် ထားဝယ်မလေးတစ်ယောက်ကို ခိုက်နေပြီး လိုက်ဖောနေတဲ့သတင်းတွေ ကြားကြားနေရတယ်။ ဒါကြောင့် မလေးမှာ ခုတစ်လော တော်တော်အပူချိန်မြင့်နေတယ် အောက်မေ့နေတာ၊ ဒင်းနှာခေါင်းက ထွက်လာတဲ့အပူတွေထင်ပါ့။
တစ်နေ့ သူရောက်လာပြီး...
"ကျွန်တော့်ကို သီချင်းတစ်ပုဒ်လောက် လုပ်ပေးစမ်းပါဗျာ။ ကျွန်တော့်ကောင်မလေးက ခုတစ်လော စိမ်းကားနေတယ်၊ အတွေ့မခံဘူး ဖြစ်နေတယ်။ ကြွေသွားလောက်တဲ့ သီချင်းလေးနဲ့ပေါ့"
တဲ့။
သီချင်းလုပ်တယ်ဆိုတော့ အထင်ကြီးမသွားနဲ့ဦး... ဟီးးးး Movie Maker နဲ့ သူများဆိုပြီးသား MP3 သီချင်းလေးတွေနဲ့ ဓာတ်ပုံလေးတွေရောပြီး ရောသမမွှေ လုပ်တာကို ပြောတာပါ။ ကိုယ်ကလည်း ဒီလောက်ပဲတတ်တာကိုး။
ဒါနဲ့ ကျွန်တော်လည်း...
"ရတယ် လုပ်ပေးမယ်။ Coke ဗူးကြီးနှစ်ပုလင်းသာ ဝယ်လာခဲ့ပြီးရင် ခင်ဗျားကောင်မလေးပုံလေးတွေ၊ ဗီဒီယိုလေးတွေ ရသလောက် စုခဲ့"
ဆိုပြီး ပြောထားတာပေါ့။
ဖုန်းမန်မိုရီကတ်လေးတစ်ခုနဲ့ သူရောက်လာတယ်။ သီချင်းကတော့ အဆိုတော် ဒီဖြိုးရဲ့ "ငါဝအောင်ငိုမယ်" ဆိုတဲ့ သီချင်းနဲ့ လုပ်မယ်တဲ့။
ဒါနဲ့ ကျွန်တော်လည်း တီဗွီက စုံထောက်ကားကလည်း ကောင်းနေတော့ စိတ်အေးလက်အေး ကြည့်နေတယ်။ ကော်ဖီလေးသောက်လိုက်၊ စာကလေးခြောက်ထုပ်လေး ဖောက်စားလိုက်နဲ့ ညဉ့်တော်တော်နက်သွားရော။
အဲဒီတော့မှ...
"ကြွက်ကြီး သီချင်းလုပ်ပေးဦးမှပဲ"
ဆိုပြီး ထိုင်တော့ ၁၂ နာရီလောက် ဖြစ်နေပြီ။
အဲဒါနဲ့...
"ဘာနာမည်နဲ့ လုပ်ရပါ့မလဲ"
ဟယ်... မထူးပါဘူး။ ကောင်မလေးတွေက သူတို့ကို နတ်သမီးလေးတွေ ဘာညာဆို အရမ်းကြိုက်တတ်တော့ Dream Angel ပေါ့။
ဟီးးး ဟုတ်တာမဟုတ်တာ အသာထား၊ လူကလည်း အိပ်ချင်နေပြီ။
ကောင်မလေးပုံတွေကို Movie Maker ထဲ import လုပ်၊ သီချင်းလေးထည့်၊ ခေါင်းစဉ်စာသားကို animation ပြောင်းတာလေးတွေ လုပ်၊ color တွေ လိုချင်သလိုပြောင်းပြီး စိတ်တိုင်းကျပြီဆိုတော့မှ သီချင်းလေးနားထောင်လိုက်၊ သူနဲ့လိုက်မယ့်ပုံလေးထည့်လိုက်၊ လွမ်းရမယ့်နေရာဆို ကြွက်မှိုင်နေတဲ့ပုံတွေထည့်လိုက်၊ သူများဖုန်းထဲက ရတဲ့ စာသားလေးတွေထည့်လိုက်...
တော်တော်လည်း ကြာနေပြီ။
မျက်စိကလည်း မှေးနေပြီ။ မနက်ဖြန်လည်း အလုပ်ဝင်ရဦးမယ်။
သီချင်းက ၂ ပိုဒ်ပြီးသွားတော့...
"ပြီးခါနီးပြီ"
ဆိုပြီး ပုံလေးတွေ ဆက်ထည့်နေတယ်။
တော်တော်လည်း ကြာရော...
"ဟိုး... အိုး... အောင်မငီး... မပြီးသေးဘူးဟ... ဘယ်လောက်ရှည်သေးလဲ... မသာကောင် ကြွက်ကြီး ဒီသီချင်းကိုမှ ရွေးလာရတယ်"
ဟင်း...
ဒါနဲ့ သီချင်းလည်းပြီးရော...
Ending title မှာတော့...
"Created by Tun Tun Kaythayarzar Heart"
လို့ ထည့်လိုက်တယ်။
ရပြီးသားဖိုင်က WMV ဖြစ်တော့ DVD Player နဲ့မဖတ်ဘူး။ Online က Free Download ထားတဲ့ converter ထဲထည့်ပြီး Video TS ဖြစ်အောင် ပြောင်း၊ ပြီးရင် DVD ထဲ burn လိုက်တယ်။
နာရီကြည့်လိုက်တော့ မနက် ၄ နာရီထိုးခါနီး။
100 Plus တစ်ဗူးသောက်ပြီး အိပ်လိုက်တယ်။
နောက်နေ့ အလုပ်သွားရဦးမယ်လေ။
နောက်နေ့ကျတော့ DVD ထဲထည့်ကြည့်လိုက်တော့...
DVD ဆိုတာပဲ ပေါ်တယ်။ Play လုပ်မှ ဖိုင်တွေထွက်လာတယ်။ နောက်တစ်ချက် Play လုပ်မှ သီချင်းပေါ်လာတယ်။
ကြည့်တဲ့သူအဆင်ပြေပါ့မလားလို့တော့ တွေးမိတယ်။
"ဟာ... ကြွက်ကြီးတော့ စွံရချေသေးရဲ့"
ဟီးးးး
ကောင်မလေးက ကြည့်ပြီး မျက်ရည်ကျမလား၊ သူ့ပုံတွေသုံးလို့ ကြွက်ကြီးပဲ ပါးရိုက်ခံရမလား တွေးပြီး စမ်းပြီးသား DVD လေးတွေ ပေးလိုက်တယ်။
နောက်နေ့ကျတော့ ကြွက်ကြီးပြောတယ်...
ကောင်မလေးအိမ်က လူနှစ်ယောက် လာကြည့်သွားတယ်တဲ့။ ယူသွားချင်မှန်းသိလို့...
"လာငှားရင် မပေးနဲ့"
ဆိုပြီး မှာထားတယ်တဲ့။
နောက်ဆုံး...
"DVD ဆိုတာပဲ ပေါ်နေပြီး Play မလုပ်မိဘဲ ဘာမှမရှိတဲ့ခွေကြီးပေးလိုက်တယ်ဆိုပြီး စိတ်ဆိုးပြီး ထက်ပိုင်းချိုးပစ်လိုက်တယ်"
တဲ့။
ဟားဟား...
ဖြစ်မှဖြစ်ရလေ ကြွက်ရယ်... ကံကလည်း ဆိုးပါ့...
အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ...

No comments:
Post a Comment