Wednesday, November 30, 2011

ထချင်ဦးဟဲ့😁😁

ကျွန်တော်တို့ နေတဲ့အိမ်မှာက လူတော့ အတော်စုံတယ်။ မြန်မာတွေအပြင် နီပေါသုံးယောက်နဲ့ ဘင်္ဂါလီတစ်ယောက်လည်း ပါတာပေါ့လေ။ ဘင်္ဂါလီကတော့ လူအေးပါ၊ အလုပ်ချိန်မှာ ဘုရားရှိခိုးနေတာကလွဲရင်ပေါ့လေ။

နီပေါသုံးယောက်မှာက အသက် ၂၀ ကျော် ချာတိတ်တစ်ယောက်ပါတယ်။ ကျန်တဲ့လူတွေက အေးပေမယ့် အဲဒီကောင်ကတော့ အတော်ပူတယ်။ အရက်ကလေးကလည်းပါသေး၊ မိန်းမကလည်း လိုက်စားသေးတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် အရက်ဆိုင်ဖွင့်ထားတဲ့ အခြောက်တွေလည်း မထားဘူး။ အဲဒီတော့ ခဏခဏ နေမကောင်းဖြစ်ရော။ ဖြစ်လာရင်လည်း ကြွက်ကြီးခေါ် မြိုင်ရာဇာကြွက်ဖြူကပဲ ဆေးခန်းပို့ပေးရ၊ ဆေးဝယ်ပေးရနဲ့ တာဝန်ယူဖြေရှင်းပေးရတတ်တယ်။

သူက မကြာခဏ အဲလိုဖြစ်ရင်လည်း ကြောက်တတ်တာက သူ့အပြင်မရှိဘူး။ အရပ်ကူပါ လူဝိုင်းပါနဲ့။ အဲဒီတော့ ရွှေတွေက တိုင်ပင်ပြီး ဒီကောင်တော်တော် သောင်းကျန်းနေတယ်၊ lesson ပေးကြစို့ဆိုပြီး ညှိထားကြတယ်။

နောက် ဘယ်လိုလုပ်ကြသလဲဆိုရင် ဒီကောင့်ကိုတွေ့ရင်—

"ဟေ့ကောင် မင်းကြည့်ရတာကွာ ဖြူဖတ်ဖြူလျော်နဲ့ သိပ်အားနည်းနေသလိုပဲ"

ဆိုပြီး တစ်ယောက်က ကြတ်လိုက်…

နောက်တစ်ယောက်ကတွေ့ရင်လည်း—

"မင်း နည်းနည်း ပိန်နေသလိုပဲ အစားမှန်မှန်စားဦး"

ဘာညာပေါ့…

ဒီ့ပြင်တစ်နေရာကိုသွားရင်လည်း တွေ့တဲ့ မြန်မာတွေက—

"မင်း နေမကောင်းဘူးလား၊ သွေးမရှိသလိုပဲ"

ဒီလိုပဲ တစ်မျိုးတစ်ဖုံ ဝိုင်းကြတ်နေကြတာပေါ့။ သူတို့ နီပေါအချင်းချင်းလည်း ဒီလိုပဲကြတ်တော့ ကြာလာတော့ ဒီကောင် နည်းနည်း သွေးပျက်လာရော။

ကျွန်တော်ကတော့ ကိုယ့်ဘာသာကိုယ် အလုပ်နဲ့ရှုပ်နေတာဆိုတော့ သူတို့ကိုလည်း သိပ်မသတိထားမိဘူး။

တစ်နေ့ ဒီကောင် ကုတ်ကုတ် ကုတ်ကုတ်နဲ့ ရောက်လာတယ်။ မျက်နှာလည်း သိပ်မကောင်းဘူး။ ပြီးတော့—

"သူငယ်ချင်း ငါ့ကို ပေါင်ချိန်တဲ့စက်လေး ခဏလောက်ပေးစမ်းပါ"

ဆိုပြီး တောင်းတယ်။ ကျွန်တော်ကလည်း ထုတ်ပေးလိုက်တာပေါ့လေ။ ပေါင်လည်းချိန်ပြီးရော—

"ငါ့ဝိတ်က အရင်ကလည်း 60kg ပဲ၊ ခုလည်း 60kg ပဲ။ သူငယ်ချင်း ငါ့ကိုပြောစမ်းပါ၊ လူတိုင်းက ငါ့ကိုတွေ့ရင် ပိန်နေတယ်၊ အားမရှိသလိုပဲလို့ ပြောပြောနေကြတယ်။ ဝိတ်ချိန်ကြည့်တော့လည်း အရင်အတိုင်းပါပဲ၊ အဲဒါဟုတ်လား"

ပေါ့လေ။

ကျွန်တော်လည်း အဲဒီတော့မှ ဟိုကောင်တွေကို သတိရသွားပြီး—

"ဟားဟား ဟားဟား… အလကားပြောတာပါကွာ ဘာမှမဖြစ်ပါဘူး၊ မင်းကို ဝိုင်းစနေကြတာပါ"

လို့ ပြောလိုက်တော့မှ ကိုယ်တော်ချောခမျာ အဲဒီတော့မှ ပြုံးနိုင်ရှာတော့တယ်။

"ဟင်း… ငါ့မှာတော့ သူတို့ပြောတာ အဟုတ်မှတ်ပြီး နို့တွေသွားသောက်ရ၊ အားဆေးတွေသောက်ရ၊ လိမ္မော်ရည်ဘူးတွေလည်း ဝယ်ထားရတာ အများကြီး။ ထမင်းကလည်း နည်းနည်း သတိရတာနဲ့ သွားသွားစားရတာ ခဏခဏပဲ"

လို့လည်း ပြောလိုက်ရော တိုင်ပင်မထားပဲ အားလုံးဝိုင်းရယ်ကြတာ တော်တော်နဲ့ မရပ်နိုင်ဘူး။

ကိုသောင်းကျန်းမှာတော့ ဟိုကောင်ပြေးထိုးလိုက်၊ ဒီကောင့်ကိုရိုက်လိုက်နဲ့ပေါ့…

အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ…


No comments:

Post a Comment