Wednesday, July 4, 2012

ဟီးရိုးလုပ်မိလို့😁😁

အလုပ်ခန်းထဲမှာလည်း တစ်ယောက်ကိုတစ်ယောက် စလိုက် နောက်လိုက်နဲ့ တစ်ခါတစ်ခါတော့ အတော်ပဲ ပျော်စရာကောင်းတယ်။

တစ်ခါတစ်ခါ ကြွက်ကြီးရဲ့ ငှက်ဖျားတက်သံနဲ့ ရောနေတဲ့ အသံသြသြကြီးနဲ့ ထသီချင်းဆိုရင် တစ်ယောက်က—

"ကောင်လေး ကြိုးစားထားဟ… မိုးရာသီမို့လို့ အလုပ်မကောင်းသေးတာ… နောက်ရာသီဆိုရင် ဘုရားပွဲတွေ စတော့မှာ"

ဟု နောက်တတ်သလို… အခြားတစ်ယောက်က—

"ကြွက်ကြီး ကျုပ်ပြင်မရလို့ လောင်သွားတဲ့စက်ကို ခင်ဗျားအသံကြောင့် လောင်သွားတာပါဆိုပြီး သူဌေးကို သွားပြမှာနော်"

ဟု နောက်တတ်သည်။ ကြွက်ကြီးကလည်း အားကျမခံ—

"အောင်မယ်… ဟောဒီအနီးတစ်ဝိုက်မှာ ကျွန်တော့်အသံကို မှီတဲ့သူတစ်ယောက်မှမရှိဘူး… ပိုက်လုံးပေါ်မှာ ညဖက်သီချင်းဆိုရင် စျေးဆိုင်က မစန်းကြည်တောင် ခဏခဏ ထွက်တားရတယ်၊ သူ့ကလေးသိပ်မရလို့ဆိုပြီး"

တစ်ယောက်က—

"ဒီနေ့ကတော့ လစာရပြီ။ ဟိုကောင် Ah Poe ဘဏ်ကို သွားပိုက်ဆံထုတ်လာတယ်။ သူလဲ အထုပ်ကြီးဗိုက်ထဲထည့်လာတာတွေ့တယ်။ လုမှာစိုးလို့ထင်တယ်နော်"

တစ်ယောက်က ပြောတော့ အာဇစ်ဆိုတဲ့ မြန်မာကုလားလေးက—

"မလေးမှာ လုတာတော့ မပြောနဲ့။ ဒီကောင်တွေက ဘဏ်ကထွက်လာတဲ့သူတွေကို ကားကိုစက်နှိုးပြီး စောင့်နေတာဗျ။ ဟိုတစ်လောက ကျွန်တော်လည်း ဆိုင်ရှေ့လေးက ပလက်ဖောင်းပေါ်မှာ washing machine ပြင်နေတာ လုသွားပြီ… လုသွားပြီ… ဆိုပြီး အော်သံကြားလို့ ကြည့်လိုက်တော့ ကျွန်တော့်အနားကို ရောက်နေပြီ။ ကျွန်တော်လည်း ဘာရမလဲ အဲဒီကောင်ကို ပစ်တွန်းပြီး နံရံနဲ့ဆောင့်တာ ချော်သွားပြီး လက်တောင် အတော်နာသွားတယ်။

အဲဒါနဲ့ ကြည့်လိုက်တော့ လူပုံစံက ဘစ (ဘိန်းစား) ပုံဆိုတော့ ကျွန်တော်လည်း ဗျင်းမယ်ပေါ့လေ၊ လိုက်တာပေါ့။ လိုက်ရင်းလိုက်ရင်း မိခါနီးကျတော့ သူက တံခါးဖွင့်ထားတဲ့ကားထဲ ပြေးဝင်တော့ ကျွန်တော်လည်း အနားလဲရောက်တော့ သူက သေနတ်ကို ဆွဲထုတ်လိုက်ရော။ စဉ်းစားချိန်တောင်မရဘူး၊ ကျွန်တော်လည်း ဘာရမလဲ လစ်တာမှ တန်းနေတယ်။

ကျွန်တော့်နောက်က လိုက်လာတဲ့ကောင်တွေက ကျွန်တော်လည်း ပြေးလာတာတွေ့တော့ ကြောင်နေကြသေးတယ်။ လှမ်းလည်းကြည့်လိုက်ရော သူတို့လည်း ပြေးတော့တာပဲ။ တော်ပါသေးရဲ႕ဗျာ… ခြောက်ရုံလောက်မို့လို့။ ပစ်လိုက်ရင်တော့ ကျွန်တော်တော့ သေပြီပဲ။ လမ်းက အဖြောင့်ကြီးဗျ…"

တဲ့…

အင်း… ဟီးရိုး… ဟီးရိုး…


No comments:

Post a Comment