မိတ်ဆွေ.. တစ်ခါတစ်ရံမှာ ဘဝရဲ့အခက်အခဲများကြောင့်ဖြစ်စေ၊ အလုပ်
တွေမှာ အဆင်မပြေလို့ဖြစ်စေ၊ မိမိချစ်တဲ့သူတစ်ယောက်ကြောင့်ဖြစ်စေ၊ မိသားစု
အတွက်ကြောင့်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် အသက်ရှူမဝလောက်အောင်
ခံစားနေရတယ်ဆိုပါစို့။ ပျက်စီးယို့ယွင်းနေသော မိမိရဲ့စိတ်ကို အသစ်တဖန် ပြန်လည်
တည်ဆောက်ရန်အတွက် တရားထိုင်ခြင်း (meditation) အလုပ်ကို စတင်လုပ်တယ်
ဆိုပါစို့။
တရားထိုင်ခြင်းအတွက် ကမ္မဋ္ဌာန်းအများအပြားရှိပေမယ့် လူအများနှင့်သင့်တော်သည်
မှာ အာနာပါနကမ္မဋ္ဌာန်း (ဝင်လေ၊ ထွက်လေကို သတိဖြင့်မှတ်ခြင်း) ပင်ဖြစ်မည်
ထင်ပါသည်။ တရားထိုင်ခြင်းအကြောင်းကို တကယ်သိနားလည်သော ဆရာတော်ကြီးများ၊
ဆရာပညာရှိများ အမျိုးမျိုးအစုံစုံ ရေးသားထားပါသည်။ ကျွန်တော်သည် သူတို့လောက်
မရေးနိုင်ပါ၊ ပြည့်စုံအောင်လည်း မပြောနိုင်ပါ။ လူအများဖတ်ရှုရသည်မှာ ပျင်းရိမှုမရှိဘဲ
လေ့လာသူအဆင့်၏ အခြေခံကိုသာ လမ်းညွှန်ပေးနိုင်ပါသည်။
ပထမဦးစွာ တရားထိုင်မည့်သူသည် ငါးပါးသီလမြဲပါက ပိုပြီးကောင်းပါသည်။ သီလရှိမှ
သမာဓိ (စိတ်တည်ငြိမ်ခြင်း၊ တည်ကြည်ခြင်း) ကို ရရှိပါမည်။ ငါးပါးသီလဆိုသည်မှာ..
* သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း
* သူတစ်ပါးပစ္စည်းအား ခိုးယူမှုမှ ရှောင်ကြဉ်ခြင်း
* လိမ်လည်မုသားပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း
* မှားယွင်းသော လိင်မှုကိစ္စများမှ ရှောင်ကြဉ်ခြင်း
* အရက်သေစာ သောက်စားမှုမှ ရှောင်ကြဉ်ခြင်း....... တို့ဖြစ်ပါသည်။
ပထမဦးစွာ တရားထိုင်မည့်သူသည် မြတ်စွာဘုရားသခင်အား ကြည်ညိုစွာရှိခိုး
ကန်တော့ရပါမည်။ ပြီးလျှင် တင်ပျဉ်ခွေ ဘယ်ခြေအပေါ် ညာခြေထပ်ကာ ထိုင်ပါမည်။ ပြီးလျှင်
ညာလက်ဝါးကို ဘယ်လက်ဝါးပေါ်တွင် ထပ်ပြီး ကိုယ်ကိုမတ်မတ်ထိုင်ရပါမည်။ ပြီးလျှင်
ယခင်ရှိခဲ့သော သုခ၊ ဒုက္ခ အားလုံးကို မေ့ထားလိုက်ပါ။ ခေါင်းထဲတွင် ဘာမှမဝင်လာ
စေရန် ဝင်လေ၊ ထွက်လေကို မျက်ခုံးနှစ်ခုကြားတွင်ဖြစ်စေ၊ နှာသီးဖျားတွင်ဖြစ်စေ
ထားကာ စိတ်ကိုတည်ငြိမ်အောင် ကြိုးစားပါ။
အစတွင် စိတ်သည် ထိန်းမရအောင် ဖြစ်နေပါလိမ့်မည်။ တရားထိုင်ခြင်းအလုပ်
ကို လုပ်တော့မည်ဆိုလျှင် မိမိစိတ်ကို ဇွဲတင်းထားရန်လည်း လိုပါသည်။
နာကျင်မှုကို ခံနိုင်ရည်မရှိကြသောကြောင့် တရားထိုင်သောအလုပ်ကို
ရပ်လိုက်ကြသည်က များနေကြပေသည်။ သက်ကြီးရွယ်အိုများသည် မိမိတို့
ကျန်းမာရေးနှင့် အဆင်ပြေအောင် လုပ်ဆောင်သင့်ပါသည်။
ခံနိုင်ရည်ရှိသော လူငယ်လူရွယ်များအတွက်မူ "အနည်းဆုံး နှစ်နာရီမှ သုံးနာရီ"
ထိ ပြုလုပ်သင့်ပါသည်။ အစတွင် မခံမရပ်နိုင်အောင် နာကျင်သောဝေဒနာများကို
ခံစားရပါလိမ့်မည်။ လေဖြတ်သွားလေမည်လား၊ တစ်ခုခုဖြစ်သွားတော့မည်လား
ဟု ထင်မြင်နေပါလိမ့်မည်။
ထိုအချိန်တွင် သေလိုကသေသွားပါစေ၊ တရားအလုပ်ကို မရပ်ဟူသောစိတ်ကို
ထားပါ။ ရှိရှိသမျှ.. ဆံပင်ကပင် နာကျင်လာသယောင် ထင်မြင်လာပါလိမ့်မည်။
အသက်ရှူရာတွင်လည်း မခံမရပ်နိုင်သောကြောင့် "ရှူးရှဲ... ရှူးရှဲ.." အသံပြင်းလာ
ပါလိမ့်မည်။
နာကျင်မှုကြောင့် သင်၏စိတ်သည် တစ်နေရာတည်းမှာ စုစည်းထားသလို ဖြစ်လာ
ပါလိမ့်မည်။ ထို့နောက်တွင် နာကျင်မှုဝေဒနာသည် ခန္ဓာကိုယ်ပေါ်မှ သဲများပက်
ချလိုက်သလို တဖွဲဖွဲကျပြီး ပျောက်သွားပါလိမ့်မည်။ ထိုအချိန်တွင် သင်၏စိတ်နှင့်
ခန္ဓာကိုယ်သည် ပေါ့ပါးကြည်လင်နေပါလိမ့်မည်။ ဝမ်းမြောက်ဝမ်းသာဖြစ်နေပါလိမ့်
မည်။ သမာဓိရနေပါလိမ့်မည်။
ထိုအခါ သင်အလိုရှိသော နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်များကို၊ ဆရာကောင်း
သမားကောင်းများ၏ နည်းနာနိဿယအတိုင်း ဆက်လက်ကျင့်ကြံနိုင်ပါကြောင်း။
နိဗ္ဗာန်မရသည့်တိုင် မိမိပြုလုပ်နေသော အမှားများကို သေချာစွာ သိမြင်နိုင်ပါလိမ့်
မည်။
အလှူတကာ့အလှူများထဲတွင် တရားအလှူသည် အမြတ်ဆုံးဟု ဆိုသောကြောင့်
ကျွန်တော် သိသလောက် တရားအလှူကို ရေးသားလှူဒါန်းပါသည်။ တစ်စုံတစ်
ယောက်အတွက် အကျိုးရှိမည်ဆိုပါက ကျွန်တော့်တွင် ကုသိုလ်တရားများ ဖြစ်ပါ
လိမ့်မည်။ တခဏတာ နေထိုင်ရသော လူ့ဘဝတွင် မည်သို့ပင် အဆိုးများကြုံတွေ့
စေကာမူ မတုန်မလှုပ်ဘဲ "ခဏတာအလကားတွေပါ" ဟု သဘောထားပါက စိတ်ချမ်းသာ
မှုများ စတင်ရရှိလာပါလိမ့်မည်။
၃၁ ဘုံမှာ ကျင်လည်နေကြသော သတ္တဝါအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာ
ခြင်းများ ဖြစ်နိုင်ကြပါစေ....
No comments:
Post a Comment