Sunday, January 30, 2011

(..........)၏အဓိပ္ပါယ်များ

   ရှေးသရောအခါက ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ဘုရင်ကြီးဟာသူများနဲ့
မတူတဲ့ကကျိုးကကြောင်အတွေးများကို  အမြဲစိတ်ကူးနေသလို၊စိတ်ကူးကို
လဲအမြဲအကောင်အထည်ဖော်တတ်သတဲ့။  တစ်နေ့သူဟာမိဖုရားတွေအ
ဆောင်တော်များကိုကူးချည်သန်းချည်  အတော်ပင်အလုပ်ရှုပ်နေတယ်။
တစ်ခါ  တောင်နန်းကမိဖုရားဆီအကူးလမ်းမှာ  သူငယ်နဲ့သူငယ်မကိုတွေ့
တော့သူတို့က အချစ်အကြောင်းတွေပြောနေကြတာ သူကြားသွားတယ်။

ဝန်ကြီးနဲ့ ၀န်ကတော်ကလည်း တိုးကြိ တိုးကြိ အချစ်အကြောင်း၊စစ်သူကြီးနဲ့
ကတော်ကလဲချစ်နေလိုက်ကြတာ၊ဒါတွေကိုသူမြင်တော့  စိတ်ကူးတစ်ခုရ
သွားတော့တယ်။

  တစ်နေ့ညီလာခံကိုလည်းရောက်ရောတိုင်းရေးပြည်ရွာအကြောင်းတွေဆွေး
နွေးပြီးသော အခါဘုရင်ကြီးက

" အမတ်ကြီးတို့.အသင်တို့အား.ကျွန်ုပ်အမေးပုစ္ဆာ
တစ်ပုဒ်မေးမယ်ဗျ  အမေးပုစ္ဆာကတော့ဘာမှထူးထွေ ဆန်းပြားခြင်းမရှိ။  အများသူငါသိ
နေကြသော "အချစ်" အကြောင်းသာတည်း။ကျေနပ်အောင်ဖြေဆိုနိုင်သူမည်သူမဆို
ရွှေချိန်၃ပိဿာ  နှင့်ငွေဒင်္ဂါး  သေတ္တာအားဆုချီမြှင့်မည်၊  လှည်းနေလှေအောင်းမြင်း
ဇောင်း မကျန်  ကြေငြာမောင်းခတ်လေလော့"

ဟုအမိန့်ချပြီးအတွင်းဆောင်သို့ဝင်သွားလေတော့၏။  အမတ်ကြီးများမှအစ
မင်းမှုထမ်းအားလုံး ပြူးပြူးပြာပြာ  ဖြစ်ကုန်ကြလေ၏။  အကြောင်းတမူကား
ဘုရင့်အမိန့်တော်ကို   ကြောက်သည်ကအနည်းငယ်သာ၊ရွှေချိန်၃ပိဿာကို
လိုချင်တတ်မက်သောကြောင့်  သာလျှင်ဖြစ်သည်။   အမတ်ကြီး၊စစ်သူကြီး၊
အစရှိသူတို့သည်အိမ်သို့ပြန်၍တန်စိုးလက်ဆောင်များ ယူငင်ပြီးနာမည်ရစာဆို
တော်များရှိရာသို့၊မြင်းနှင့်တစ်မျိုး၊ရထားနှင့်တစ်ဖုံ သွားကြလေ၏၊ရှေးဦးစွာရောက်
လတ်သော သက်တော်ရှည်အမတ်ကြီးမှ......

    "စာဆိုတော်မင်း  ကျွန်ုပ်အားအချစ်အကြောင်းအကောင်းဆုံးရေးဖွဲ့ပေးစမ်း
ပါဦးဟောသည်မှာစာဆိုတော်မင်းကြိုက်တဲ့တောင်ပြင်အရပ်ကအကောင်းဆုံး
သူရာရည်ဗျားဒီကကြက်ကြော်လေးနဲ့ဆိုရင်ဖြင့်စာဆိုတော်မင်းဈန်ဝင်ပြီး
အချစ်အကြောင်းအကောင်းဆုံးရေးနိုင်မှာပ"

"ဟောဒါကတော့စာဆိုတော်မင်းရေးအားလေးရှိအောင်ငွေဒင်္ဂါးငါးရာဗျား"

ဟုဆိုကာအထုပ်များ၊ခရားများ၊ပေးကာရေးစပ်ခိုင်းလေ၏။
ဘုရင်ကြီးသတ်မှတ်ထားသောရက်သို့ရောက်သောအခါ ရေးစပ်ထားသော
ပေစာမူအသီးသီးကိုဆက်သွင်းကြရလေ၏။စာတော်ဖတ်မှဘုရင်ကြီးကြား
အောင်အသံနေအသံထားဖြင့်ရေးဖွဲ့ထားသောပေစာမူများကိုဖတ်ပြရလေ၏။
ရှေးဦးစွာဦးစားပေးအနေဖြင့် သက်တော်ရှည်အမတ်ကြီး၏ ပေစာမူအားဖတ်
လေသည်.....

    "အချစ်ဆိုသည်မှာမိမိစိတ်ကူးဖြင့်ပုံဖေါ်သောပန်းချီကားတစ်ချပ်လိုပါတည်း
မိမိစိတ်ကူးကောင်းလျှင် ကောင်းသလောက်၊ခံစားချက်ပြင်းထန်လျှင်ပြင်းထန်
သလောက် ပန်းချီကားသည်လှပမည်သာတည်း၊အရောင်အသွေးစုံလင်မည်သာ
တည်း ။ထိုပန်းချီကားချပ်လေးကွဲရှသွားလျှင်သော်လည်းကောင်း၊ပျက်စီးသွားလျှင်

သော်လည်းကောင်းယူကြုံးမရသောပူဆွေးမှုအတိုင်းအဆသည် မိမိစိတ်ကူးပြင်း
ထန်လျှင်ပြင်းထန်သလောက်ခံစားရတတ်ပါသည်။ထို့ကြောင့်အချစ်ဆိုသည်မှာ
ရင်မှဖြစ်သောပန်းချီကားတစ်ချပ်လိုပါတည်း" (သက်တော်ရှည်ဝန်မင်း)

ဟုအဆုံးသတ်ထားသည်။စာတော်ဖတ်အသံဆုံးသွားသည်နှင့်သြဘာသံများ
ညံသွားလေတော့သည်။သက်တော်ရှညအမတ်ကြီးကားတပြုံးပြုံး၊အကောင်း
ဆုံးစာဆိုတော်မင်း၏ လက်ရာပေကိုး။စစ်သူကြီး၏ပေစာမူအားဆက်၍
ဖတ်လေ၏......

 "အချစ်ဆိုသည်မှာကောင်းကင်တွင်ရှိနေသောတိမ်စိုင်တစ်ခုလိုပါတည်း၊
ဖြစ်တည်လျှင်လည်းအစိုင်အခဲကကြီးမားသလောက်၊အမုန်းဆိုသော
လေပြင်းတစ်ချက်မွှေ့လိုက်သောအခါ၊ကြီးမားသောအစိုင်အခဲသည်အဝေး
သို့လွင့်ပျောက်တတ်ပါ၏၊သို့ကြောင့်အချစ်သည်ကောင်းကင်တွင်ရှိနေ
သောတိမ်စိုင်လိုပါတည်း။" (စစ်သူကြီး).... 

ဟုအဆုံးသတ်ထားသည်။စာတော်ဖတ်၏အသံဆုံးသည်နှင့်ယခင်ကဲ့သို့
သြဘာသံများညံသွားလေ၏။အမျိုးမျိုးအဖုံဖုံရေးသားကြလေသည်။တစ်ချို့
ကားနိုင်ငံရပ်ခြားဘာသာစကားပေစာမူများကပုံတူကူးယူဖေါ်ပြကြ၏။သည်
သို့ဖြင့်ကတ္တီပါဘောလုံးပညာရှင်အလှည့်သို့ရောက်လာ၏။သူကားကိုယ်
တိုင်ရေးသားသောပေစာမူဖြစ်သဖြင့်ဘောလုံး ရနံ့ဖြင့်မကင်းပါချေ.......

 "အချစ်ဆိုသည်မှာလွန်စွာအင်အားကြီးမားသောနတ်ဆိုးတစ်ပါးလိုပါတည်း
ကျွန်ုပ်၏ကိုယ်တွင်းသို့အချစ်ဆိုသောနတ်ဆိုးဝင်ရောက်လာသောအခါ
ကမ္ဘာမြေကြီးအားကတ္တီပါဘောလုံးပမာပြု၍ စကြာင်္ဝဠာပိုက်ကွန်အတွင်း
သို့ပင်ကန်ကျောက်နိုင်လောက်သည်ဟုခံစားမိပါသတည်း၊သို့ကြောင့်
အချစ်ဆိုသည်မှာအလွန်အင်အားကြီးမားသောနတ်ဆိုးတစ်ပါးပါတည်း။
(ကတ္တီပါဘောလုံးပညာရှင်) 

  အသံဆုံးသည်နှင့်သြဘာသံများကြားရပြန်လေသည်။ထိုအခါဘုရင်ကြီးက

"မောင်မင်းဟာကလွန်လွန်းသကွယ်၊နန်းတော်ရှေ့ကကျောက်တုံးအားသွား
၍ခြေဖြင့်ကျောက်လေလော့"ဟုကြည်စယ်၏၊ဘောလုံးသမားလည်းခေါင်းငုံ့၍

"သည်အရာမှာတင်စားထားသည်သာဖြစ်၍မ၀ံ့ကြောင်းပါ"

ဟုဆိုကာခပ်ဝပ်ဝပ်လေးနေ၏။ပေစာမူအားလုံးဖတ်ပြီးချိန်ဘုရင်ကြီးလည်း
ညောင်းညာတော်မူ၍အတွင်းဆောင်သို့ဝင်ဟုစဉ်းစားခိုက် မင်းချင်းတစ်
ယောက်ရောက်လာ၍သူဆင်းရဲတစ်ဦးဝင်ခွင့်တောင်းနေပါကြောင်းထား၏။

" အိမ်း...သူလဲဖြေခွင့်ရှိသည်သာပ..၀င်ခွင့်ပြုစေ"

ဟုမိန့်လေသည်။သူဆင်းရဲမှာလည်းထင်းခုတ်သောဓါးမတိုအား ဘုရင့်
ရှေ့တော်မှောက်ဆောင်ယူခွင့်မပြုဆိုသဖြင့်မင်းချင်းများဆီသို့အပ်နေ
ရလေသည်။ရောက်ရှိလာသောအခါဘုရင်ကြီးက

  "မောင်မင်းပေစာမူအားဆက်လော"့ဟုမိန့်၏။သူဆင်းရဲကား..

 "အရှင်မင်းကြီးကျွန်တော်မျိုးသည်စာပေမတတ်သောကျေးတော
သားဖြစ်ပါသည်၊သို့ကြောင့်နှုတ်ဖြင့်သာဖြေဆိုခွင့်ပြုပါဟုဆို၏။ဘုရင်
ကြီးလည်းစာရေးတော်ကြီးအားရေးမှတ်ခိုင်းပြီး

".ကိုင်းလျှောက်ထားစေ.".ဟု ဆိုသည်။သူဆင်းရဲကလည်း....

"အချစ်ဆိုသည်မှာ  အသူတစ်ရာနက်သော  ချောက်ကမ်းပါးကဲ့သို့
သာတည်း၊မိမိ၏စိတ်တွင်  အချစ်စိတ်ဖြစ်ပေါ်လာသည်   ဆိုပါက
ချောက်ကမ်းပါးအစပ်နားတွင်  လမ်းလျှောက်နေသော   သူကဲ့သို့ဖြစ်၍
တစ်စုံတစ်ယောက်အား  ချစ်မိသွားပြီ  ဆိုပါလျှင်   ချောက်ကမ်းပါးအတွင်းသို့

ဇောက်ထိုးကျသွားသော  သူတစ်ယောက်လို  ဖြစ်မည်သာတည်း။  သို့ကြောင့်
အချစ်သည်   အသူတစ်ရာနက်သော   ချောက်ကမ်းပါးကဲ့သို့သာလျှင်ဖြစ်
သတည်း" 

 ဟုဖြေဆို၏စာရေးတော်ကြီးလည်းအမည်နာမ၊နေရပ်လိပ်စာမေး၍မှတ်သား
ထားလေသည်။ဖြေဆိုအောင်မြင်သောဆုရှင်အားနောက်၃ရက် တွင်ကြေငြာ
မည်ဟုမိန့်ကာအတွင်းဆောင်သို့ဝင်တော်မူလေ၏။

 ဘုရင်ကြီးသည်ထိုရက်ပိုင်းအတွင်းမိဖုရားများအဆောင်တော်သို့ပင်မ၀င်
စက်ရာဆောင်အတွင်းမှာသာပေစာမူများကိုဖတ်ကာစဉ်းစားနေချေတော့၏။
အဖြေများကို အထပ်ထပ်အပြန်ပြန်စဉ်းစားပြီးနောက် အိမ်း ...အသီးသီးဖြေဆို
သောအဖြေများကားသေချာစဉ်းစားပါက   ကိလေသာနှင့်မလွတ်ကင်းချေ
တကား။သူဆင်းရဲဖြေဆိုသောအဖြေကား သတိထားစရာ သာဖြစ်ချေသည်။
ဟိုတစ်နေ့ကပင်တောင်နန်းမိဖုရားဆီမှာစံနေခိုက်စိတ်ကောက်တော်မူ၍
ငါ၏နှုတ်ခမ်းမွှေးတော်အားဆွဲနှုတ်ရာတစ်ဖက်နှင့်တစ်ဖက်မညီညာလေ၊
အတော်ပင်နာကြင်သောကြောင့်..ယောင်၍ပင်အော်မိသည်၊သူတစ်ပါးမမြင်
၍သာတော်တော့သည်။ရာဇအိနြေ္ဒမပျက်ချေတကား။မြောက်နန်းမိဖုရားက
လည်းတစ်မျိုး နိုင်ငံရပ်ခြားမှအလှအပအ၀တ်အထည်များ မှာယူပေးတော်မမူ
၍စိတ်ကောက်ခါအတွေ့မခံချေ။ အနောက်နန်းမိဖုရားကလည်းသူ့ဂီတကို
နားမလည်ရကောင်းလားဟု လူပုံအလည်တွင်ကျီစယ်တော်မူရာ ချစ်စိတ်
ကြောင့်အပြစ်မယူရက်ချေ။အရှက်တော်ကွဲချေ၏။အိမ်းအချစ်ဆိုတာဒုက္ခ
တရား၏အစပေမို့သူဆင်းရဲအားသာလျှင်အောင်မြင်သူအဖြစ်ရွေးချယ်
သင့်ပေ၏။ဘုရင်ကြီးသည်သူဆင်းရဲအားရွေးချယ်လိုက်တော့သည်။

နောက်တစ်နေ့တွင်ဘုရင့်ကြေငြာချက်ထုတ်ပြန်သည်တွင်သူဆင်းရဲသည်
အောင်မြင်သူအဖြစ်ကိုရှိသွားလေတော့သည်။ထို့နောက်ရွှေတိုက်စိုးဆီမှ
ဘုရင်တံဆိတ်တော်နှင့်တကွရွှေသားနှင့်ငွေများထုတ်ယူ၍အစောင့်
အရှောက်နှင့်တကွအိမ်အထိလိုက်လံပို့ဆောင်စေ၏။

 နောက်တစ်နေ့နံနက်မိုးမလင်းမီအချိန်တွင်ဘုရင်ကြီးသည်
ဆတ္တာသည်အားခေါ်၍ဦးပြေးခေါင်းတုန်းပြုလုပ်စေကာ သင်္ကန်းပရိက္ခရာ
များရှာစေ၍ အိမ်ရှေ့မင်းသားအားနန်းအပ်ပြီးတောထွက်တော်မူလေ
သတည်း။သူဆင်းရဲသည်ရသမျှသောရွှေတို့အားဘယက်ဒွါဒယာတို့ပြု
လုပ်ပြီး.အိမ်သူသက်ထားအားဆင်မြန်းပေးရာ ပဲ များပြီးအိမ်ရှေ့မှ
အဆင်းအလေးချိန်မခံနိုင်သောကြောင့်ရှေ့သို့မှောက်လျှက်လဲ
ကျရာ..ရှဲနှစ်ချောင်းပြုတ်သတည်း။

             အားလုံးပျှော်ရွှင်နိုင်ကြပါစေဗျာ...........

No comments:

Post a Comment