ဟိရှိ ..အုရှ်...အိရှ်......
အသံတွေက.. လသာသာကွင်းပြင်ကြီးနှစ်ခုကနေ ထွက်လာတဲ့အသံတွေပါ။
ကရာတေးဆရာ ကိုမြင့်သန်းနဲ့ ကွန်ဖူးဆရာ ကိုမှတ်ကြီးတို့ရဲ့ သင်တန်းတွေဆီကပါ။
ဘောင်းဘီအဖြူရောင် ပွပွကြီးတွေနဲ့ တစ်ညီတစ်ညာ လှုပ်ရှားနေသော လူငယ်အယောက် သုံးလေးဆယ်ဆီက ထွက်လာတဲ့အသံတွေ ဖြစ်ပါတယ်။
ရွာမှာကလည်း အဲဒီအချိန်က တရုတ်သိုင်းကားတွေ ပြပြီး ခေတ်စားနေတဲ့အချိန်ဆိုတော့ ရွာကလူငယ်တွေ ပိုးထနေတဲ့အချိန်ပေါ့လေ။ ကျွန်တော်တို့ခမျာလည်း နှပ်ချေးတွဲလောင်း၊ ဘောင်းဘီတိုလေးတွေနဲ့ ကန်သင်းလေးတွေပေါ်မှာ ထိုင်ပြီး ကိုယ့်ထက်ကြီးတဲ့အကိုတွေကို အားကျနေတာပေါ့ခင်ဗျာ။ ဘရုစ်လီလို ဖြစ်ချင်တဲ့စိတ်တွေ တဖွားဖွားနဲ့ပေါ့လေ။
နဲနဲလေး အရွယ်လေးရောက်လာတော့ ကရာတေးဆရာ ကိုမြင့်သန်းဆီမှာ ကရာတေးသင်ဖို့ အပူကပ်တာပေါ့လေ။ ဆရာကိုမြင့်သန်းကလည်း...
"ဟာ... မင်းအရွယ်က သင်လို့မကောင်းသေးဘူး၊ ကြံ့ခိုင်မှုမရှိသေးဘူး"
ဆိုပြီး သင်မပေးဘူးဗျ။
အဲဒါနဲ့ အိမ်က ရောင်းဖို့ထားတဲ့ ဖျင်စအဖြူတွေယူပြီး စက်ချုပ်တဲ့အစ်မကြီးဆီ သွားအပ်တာပေါ့။ အစ်မကြီးက ပုံစံမသိလို့...
"ဟို... ရှမ်းဘောင်းဘီလို ပွပွကြီးလေ အစ်မရယ်၊ သိုင်းသင်တဲ့ဟာမျိုး"
ဆိုတော့မှ ပုံမကျပန်းမကျ နှစ်ကိုယ်စာလောက်ရှိတဲ့ ဘောင်းဘီတစ်ထည် ရပါတော့တယ်။
ဘောင်းဘီကို ဝတ်၊ ခါးစည်းကြိုးစည်းပြီး ကိုယ့်ဘာသာကို သဘောကျနေတာပေါ့လေ။ ဘာမှတောင် မသင်ရသေးဘူး။ မှန်ရှေ့မှာ ကိုယ့်ပုံကိုယ်ကြည့်ပြီး အတော်မြောက်နေပြီ။
အဲဒါနဲ့ ဆရာကိုမြင့်သန်းဆီ ကန်တော့စရာပစ္စည်းတွေ ဘာတွေနဲ့ပေါ့လေ သွားပြီး အပူကပ်တော့ ဟိုက နားငြီးလွန်းလို့...
"အေးကွာ... ညကျရင်လာခဲ့"
လို့ဆိုတော့ ဝမ်းသာအားရနဲ့ အကိုဝမ်းကွဲ ကုလားဆိုတဲ့ကောင်ကိုခေါ်ပြီး သွားကြတာပေါ့။ ဟိုရောက်တော့ လမိုက်ညမို့ ရေနံဆီမီးခွက်အကြီးကြီး ဟိုဘက်တစ်လုံး ဒီဘက်တစ်လုံးပေါ့လေ။
ဟိုရောက်တော့ ဆရာကိုမြင့်သန်းက အခြေခံထိုင်နည်းကစပြီး လက်သီးထိုးတတ်အောင် ပြတယ်ဗျ။ ပြီးတော့မှ အခြေခံလေ့ကျင့်ရေးဖောင်ဆိုပြီး လက်သီးထိုးကွက်ကလေးကို ပြပေါ့။ ပြီးရင် လိုက်လုပ်ပေါ့။ မလုပ်တတ်၊ လုပ်တတ် အမှားမှားအယွင်းယွင်းနဲ့ ချွေးတစ်လုံးလုံး၊ ညစ်ပတ်ပေရေနေတာပေါ့လေ။ ဆရာကလည်း ဟိန်းလိုက်၊ ဟောက်လိုက်၊ ကန်လိုက်၊ ကျောက်လိုက်နဲ့ပေါ့။
"လက်သီးကို ဒီလိုဖြောင့်ဖြောင့်ကြီး မထိုးရဘူး။ တံတောင်ကို နဲနဲကောက်ထားရတယ်။ ဒါမှ ရန်သူနဲ့တွေ့ရင် လက်ကိုရိုက်ချိုးမခံရမှာ။ ခြေခွဲတာ ၄၅ ဒီဂရီမကျဘူး။ နောက်ခြေထောက်က ဒီလိုတက်ရင် ခံနိုင်ရတယ်"
ဆိုပြီး သူ့ကိုယ်လုံးကြီးနဲ့ တံတောက်ခွက်ပေါ် ဆောင့်နင်းပေါ့လေ။ တုတ်လေးတစ်ချောင်းနဲ့ ဟိုနေရာကမှားတယ်၊ ဒီနေရာကမှားတယ်ဆိုပြီး ရိုက်လိုက်သေးတယ်။ တကယ့်ရန်သူအဓိပတိကြီးနဲ့ ရင်ဆိုင်တိုက်ခိုက်ရတော့မလို ဂရုတစိုက်နဲ့ သေချာပြပေးနေတာပေါ့။
ဒီလိုနဲ့ ခက်ခက်ခဲခဲ အခြေခံအကွက်လေး နဲနဲပါးပါးလောက်လည်း တတ်ရော ကိုယ့်ကိုယ်ကို တော်တော်ဟုတ်လှပြီအောင့်မေ့နေတာ။ ခြံထဲမှာလည်း နေရာတွေ သေချာရှင်း၊ ဂုန်နီအိတ်အနုကို ချုပ်၊ သဲကမရှိတော့ ကျောက်စရစ်တွေထည့်ပြီး သဲအိတ်လုပ်၊ ဘားဆွဲဖို့ နေရာတွေလုပ်ပေါ့လေ။ တစ်ယောက်တည်း အလုပ်ရှုပ်နေတာ။ ခြံထဲက ငှက်ပျောပင်တို့၊ အုန်းပင်တို့ကလည်း လေ့ကျင့်ရေးပစ္စည်းတွေ ဖြစ်နေတာပေါ့။
အုန်းပင်ဆိုတာလည်း ရန်သူကြီးတစ်ယောက်လို အမြဲအကန်ခံနေရတယ်။ ငှက်ပျောပင်တွေဆိုတာကလည်း လက်ချောင်းတွေနဲ့ ထိုးဖောက်လို့ အပေါက်တွေချည်းပဲ။ အဖေကတော့ ကိုယ့်ကို သိပ်ကြည့်မရတော့ဘူး။
တစ်နေ့ သူငယ်ချင်းတွေ၊ ညီအကိုဝမ်းကွဲတွေရောက်လာကြတော့ တစ်ချို့ကလည်း ကွန်ဖူးဆရာ ကိုမှတ်ကြီးတပည့်တွေပေါ့လေ။ သူတို့လည်း သူတို့တတ်ထားတာလေးတွေ ပြကြတာပေါ့။
ဒီလိုနဲ့ ကိုယ့်အလှည့်ရောက်လာတော့ ကိုတတ်ထားတာလေးတွေပြပြီး အရင်ကတည်းက သူများထက် အရစ်ရှည်တတ်တဲ့ ကျွန်တော်က အုန်းပင်ပေါ် ခြေသုံးလှမ်းလောက် ပြေးတက်ပြီး အုန်းပင်ကြီးကို ယခင်လေ့ကျင့်တုန်းကထက် အားနှစ်ဆလောက်ထည့်ပြီး...
"ဖြောင်း..."
ဆို ကန်ပြလိုက်တယ်။
"အောင်မယ်ငီး... အကြောပေါ်သွားကျပြီဟ..."
(စိတ်ထဲက ပြောတာ)
ဒီလိုနဲ့ မြေပေါ်ပြန်ကျတော့...
"ဘယ်လိုလဲ"
ပေါ့...
ဟိုကောင်တွေကို လှမ်းကြည့်လိုက်တော့ ပါးစပ်အဟောင်းသားနဲ့ အထင်ကြီးတဲ့မျက်လုံးတွေနဲ့ပေါ့လေ။
ကိုယ့်မှာလည်း ဟန်ကိုယ့်ဖို့နေနေရတာ အတော်နာနေပြီ။ ဒီလိုနဲ့ ဟိုကောင်တွေ ပြန်သွားတော့မှ အိမ်ပေါ်ပြေးတက်၊ ပရုတ်ဆီနဲ့ အဖေမမြင်အောင် အသာနှိပ်ပေးနေရတာပေါ့။
တစ်နေ့ သူငယ်ချင်းတွေဆီက ပြန်လာတော့ ခြံထဲကအဖြတ် ဒီငှက်ပျောပင်က ကိုင်းကိုင်း၊ ကိုင်းကိုင်းနဲ့ အတော်ကန်ချင်စရာကောင်းနေတာကိုး။ အစတည်းက လက်မနေနိုင်၊ ခြေမနေနိုင်နဲ့ ကျွန်တော်က...
"ကျား..."
ဆိုပြီး တစ်ချက်ပတ်ကန်လိုက်တာ ငှက်ပျောပင်ကြီး ခါးကျိုးသွားတော့တယ်။
သေချာကြည့်တော့...
"ဒုက္ခော..."
အသီးတွေနဲ့ဟ။ အသီးတွေမှ ရင့်ခါနီးနေပြီ။
မဖြစ်ဘူး...
အသာလေး ပုံမပျက်အောင် တုတ်နဲ့ သေချာထောက်ပြီး ထားထားတာပေါ့။
မေ့မေ့ပျောက်ပျောက်ရှိတော့မှ ခြံထဲက အဖေ့အသံကြားလိုက်ရတယ်...
"ငါ ဘိုးဘိုးကြီးပွဲပြင်ဖို့ စောင့်နေတဲ့ ငှက်ပျောပင်ကြီး သေသွားပြီ။ ဒါ ဘယ်သူ့လက်ချက်လဲဟေ့... ဒါ ဟိုကောင်ပဲ ဖြစ်ရမယ်..."
ဆိုတဲ့အသံလည်းကြားရော...
ဘာရမလဲ...
နောက်ကျခြေထောက် သစ္စာဖောက်ပဲ။
ဟိုကောင်... အိမ်ကိုပြေးပြီ အဖေရေ့...
တာ့တာ...
ဒါတောင် နောက်က လှမ်းခေါ်နေသံ ကြားနေရတယ်။ ဘာရမလဲ... ဟိုဘက်ခြံထဲက လူကိုပဲ လှမ်းနှုတ်ဆက်နေသလိုလို၊ ဒီဘက်ခြံကပဲ ကိုယ့်ကို စကားပြောနေသလိုလိုနဲ့ အဖေ့အသံ မကြားရတဲ့နေရာ...
ဝေးရာဆီသို့.............
လူတိုင်းလူတိုင်း ငယ်စဉ်အခါက အရူးထခဲ့၊ ဆိုးခဲ့ကြမှာပါပဲနော်။ ကျွန်တော်ကလည်း အရူးထခဲ့တဲ့အကြောင်းတွေ ရေးတာပေါ့...
အားလုံးပဲပျှော်ရွှင်နိုင်ကြပါစေဗျာ.....
No comments:
Post a Comment